ကြံခင်းမြို့တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်း၊ ရေရရှိရေးနှင့် (VDP) လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဧပြီ ၇

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သော  ကျေးလက်ကုန်ထုတ်လမ်းနှင့်  ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အစီအစဉ်(၂) ပိုင်းဖြင့် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပခဲ့ သည်။

ရှေးဦးစွာ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်က  လုပ်ငန်းများ လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန် က  အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်စေရေး၊  စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး  ကောင်မွန်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ယခုလို ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သော ကျေးလက်ကုန်ထုတ် လမ်း(၁)လမ်း၊  ကျေးလက်ရေရရှိရေး လုပ်ငန်း (၇)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်း(၂၁)ခုအား  ကျေးရွာကော်မတီဝင်များထံသို့  တာဝန်ရှိသူ အသီးသီးက လုပ်ငန်းလွှဲပြောင်း၊  လက်ခံမှတ်တမ်းလွှာများ ပေးအပ်ပြီး အခမ်းအနား အစီအစဉ်ပထမပိုင်းပြီးဆုံးကြောင်း သိရသည်။

ဆက်လက်ပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းစတင်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ပြည်ဖြိုးသူက ကျေးရွာကော်မတီဝင်များအား ကျေးရွာကော်မတီ၏ လုပ်ငန်းတာဝန်နှင့် ရေစက်မောင်းနှင်ထိန်းသိမ်းနည်း သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)