အားကစားနည်း ၁၂ နည်းမှ သင်တန်းသား၊ သင်တန်းသူ ၆၁၄ ဦးနွေရာသီ အခြေခံအားကစားသင်တန်းဆင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

ဘားအံ ဧပြီ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၆ နေ့ထိ ၁၇ ရက်ကြာဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ရေကူး အစရှိသော အားကစားနည်း ၁၂ နည်းမှ သင်တန်းသား၊ သင်တန်းသူ ၆၁၄ ဦး သင်တန်းဆင်းခဲ့ကြကြောင်း ယနေ့နံနက် အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည့် စုပေါင်းသင်တန်းဆင်းပွဲမှ သိရသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အားကစားနည်းများအလိုက် သင်ကြားပို့ချပေးခဲ့သည့် လေ့ကျင့်ခန်းများသည် အခြေခံလေ့ကျင့်မှုများသာဖြစ်သည့်အတွက် မိမိတို့စိတ်ပါဝင်စား စိတ်အားထက်သန်သော အားကစားနည်းများကို ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး ထူးချွန်သောအားကစားသမားများ ဖြစ်လာအောင် ဆက်လက်လေ့လာလိုက်စား ကစားသွားကြရန် လိုအပ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အားကစားလှုပ်ရှားဆောင်ရွက်မှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာသည့် ဗလငါးတန်ကိုအသုံးချပြီး ကရင်ပြည်နယ်နှင့် နိုင်ငံတော်မှ အားကိုးအားထားပြုရသော ထူးချွန်ထက်မြတ်သူများအဖြစ် မိမိကိုယ်ကို ပြုစုပျိုးထောင်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးခင်ဇော်၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးတို့က အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က အားကစားနည်းအလိုက် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ကရာတေးဒိုအဖွဲ့နှင့် မြန်မာ့သိုင်းအဖွဲ့တို့မှ သရုပ်ပြသခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခြင်းခံရသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂)ပါးနှင့် အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၁)ပါးတို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းသည့် အခမ်းအနားကို ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သီရိပျံချီ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တပည့်ဒါယကာ၊ဒါယိကာများ တက်ရောက်ကြည်ညို၍ ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့ အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများ ရွတ်ပွားသရစ္ဇျာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယဘွဲ့တံဆိပ်တော်ရ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့ အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ကျေးရွာ မဟာသုခ အောင်မင်္ဂလာ ဘေးမဲ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရ (ကိုယ်စား) သုမေဓါရာမကြားတောရ ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရာမညနိကာယ မဟာဝိဟာရပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဝဏ္ဏက (ကိုယ်စား) ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မတို့ထံ ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)