ဒေးဒရဲ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ရပ်ရွာမီးဘေးလုံခြုံရေးနှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက အချိန်မီငြှိမ်း သတ်နိုင်ရေး ပြည်သူပါဝင်သော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက် ထားရမည့် အစီအမံများ၊ အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဟောပြောခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ဆိုင် အရောင်းဆိုင်များက ဝန်ထမ်းများအား မီးသတ်ဆေးဘူးအား စနစ်တကျ ကိုင်တွယ်၍ မီးငြှိမ်းသတ်ခြင်း၊ ဂက်(စ်) မီးဖို ယိုစိမ့် လောင်ကျွမ်းမှုအား အလွယ်တကူ မီးငြှိမ်းသတ်ခြင်းနှင့် စက်သုံးဆီ မီးလောင်မှုအား foam အမြှပ်ဆေးရည်ဖြင့် ငြှိမ်းသတ်ခြင်း များကို လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်က ကင်းဝေးစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများတွင် တစ်အိမ်တက်ဆင်းလိုက်လံ၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်း များ စုပေါင်းဆောင်ရွက်ခြင်း၊ အသိပညာပေးလိုက်လံ ဆော်သြပေးခြင်းများကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မီးသတ် ဦးစီးဌာနက သိရသည်။
အေဇာလင်း