ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လက်ဝှေ့သင်တန်း ဖွင့်လှစ်သင်ကြားပေး

ဒေးဒရဲ ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေး၊ အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံလက်ဝှေ့သင်တန်းကို နေ့စဥ် နံနက် (၁၀)နာရီမှ နံနက် (၁၁)နာရီခွဲထိ သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာ့ပဏာမလက်ရွေးစင် ကစားသမားဟောင်း ဦးကျော်လင်းစိုးက အခြေခံ​လက်ဝှေ့ ထိုးနည်းများကို သင်ကြားပြသပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ (၉)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်းသိရပြီး သင်တန်းကို ၂၀၂၃ ခုနှစ် ဧပြီလ (၃)ရက်နေ့မှ (၇) ရက်နေ့အထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဖွံ့ဖြိုးတိုးတက်စေရေး အပတ်စဥ် စာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်း၊ အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်း၊ ကဗျာရေးသားနည်းသင်တန်း၊ စာစီစာကုံးရေးသားနည်းနှင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေး ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း