ဖြူး ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီဌာနအနေဖြင့် ပြည်သူများ မကူးစက်နိုင်သေးသောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့်ကုသပေးရေးလုပ်ငန်းများ၊ ကူးစက်နိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းများကို နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကစတင်ကာ ဖြူးမြို့နယ်ကျန်မာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမြန်လမ်းရဲစခန်းရှိ အရာထမ်းအမှုထမ်းဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာ(ဖြူး)ရှိဝန်ထမ်းများနှင့် အဘိုး/အဘွားများ၊ ဖြူးသဘာဝတရားရိပ်သာရှိ သံဃာတော်များနှင့် ရိပ်သာဝင်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးရာတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံသူ(၈၇)ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှု ပထမ၊ ဒုတိယနှင့် တတိယအကြိမ်ထိုးနှံပေးမှု(၂၂၆)ဦးကို ထိုးနှံပေးခဲ့ကြောင်းနှင့် အလားတူယမန်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်း(၁၁၅)မိုင် စားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ လာရောက်စားသောက်သည့် ခရီးသွားပြည်သူများ၊ ဇေယျဝတီအရက်ချက်စက်ရုံရှိ ဝန်ထမ်းများ စုစုပေါင်း(၁၄၀၄)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)