ပြည် ဧပြီ ၆
ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မတ်လ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော English Grammar Training သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ပြည်ခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာခိုင်က English Grammar Training သင်တန်းပတ်သက်၍ သင်တန်းသား၊ သင်တန်းသူ ကလေးများအား သင်တန်းဆင်းပြီးသွားသော်လည်း အမြဲလေ့ကျင့်နေရန် လိုအပ်ကြောင်း English Grammar သင်တန်းသည် ကျောင်းသား/ကျောင်းသူများဘဝသာမက အလုပ်ခွင်ဝင်သည်အထိ တန်ဖိုးရှိသော သင်တန်းဖြစ်သောကြောင့် အလွန်တန်ဖိုးရှိကြောင်းနှင့် ဆက်လက်ကြိုးစားလေ့လာစေလိုကြောင်းဖြင့် သင်တန်းဆင်းအမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ ပြည်မြို့မှ အခြေခံပညာကျောင်သား၊ ကျောင်းသူသင်တန်းသား စုစုပေါင်း ၁၈ ဦး တက်ရောက်ပြီး ၎င်းသင်တန်းကို ကျောင်းသား ကျောင်းသူလေးများ နွေရာသီ ကျောင်းပိတ်ရက်တွင် အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ ရေးတတ်၊ ဖတ်တတ်ပြီး သဒ္ဒါ အထားအသို မှန်ကန်စွာရေးတတ်၊ ဖတ်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုစိုး(ပြည်)