၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးဖြစ်ပွားမှု (၇)ကြိမ် ထောက်ပံ့နိုင်ခဲ့

ဘိုကလေး ဧပြီ ၆

ဒေသအတွင်း၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဘေးသင့်အိမ်ထောင်စုများအား ကူညီထောက်ပံ့လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သဘာဝဘေးဖြစ်ပွားမှု (၇)ကြိမ်အတွက် ကူညီထောက်ပံ့နိုင်ခဲ့သည်။

ဘိုကလေးမြို့နယ်အနေဖြင့် ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင်  မီးဘေးဖြစ်ပွားမှု (၂)ကြိမ်၊ မိုးကြိုးဘေးဖြစ်ပွားမှု (၂)ကြိမ်နှင့် မိချောင်းကိုက်ခံရသည့် ဖြစ်စဉ်(၃)ကြိမ်၊ စုစုပေါင်း သဘာဝဘေး(၇)ကြိမ် ဖြစ်ပွားခဲ့ပြီး မီးဘေးဖြစ်ပွားမှုများအတွက် မီးဘေးသင့် အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများ၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများနှင့် သေဆုံးသူအတွက် ထောက်ပံ့ငွေများ ကူညီပေးအပ်နိုင်ခဲ့သည်။

မိုးကြိုးဘေးဖြစ်ပွားမှုများတွင်လည်း သေဆုံးသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်နိုင်ခဲ့ပြီး မိချောင်းကိုက်ခံရ၍ ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆေးဝါးကုသစရိတ်ထောက်ပံ့ ကူညီနိုင်ခဲ့သည်။

အဆိုပါ ထောက်ပံ့ကူညီမှုများအပြင် သဘာဝဘေးကျရောက်လာပါက မုန်တိုင်းဒဏ်ခံ အဆောက်အအုံသို့ သွားရောက်ခိုလှုံ ရှောင်တိမ်းနိုင်ရေးအတွက် ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂)ခုအား ကွန်ကရစ်လမ်းခင်းနိုင်ရန် ကျပ်သိန်း(၉၀)ကျပ်ထောက်ပံ့ခြင်း၊ သောက်သုံးရေရှားသည့် ကျေးရွာ(၂၉)ရွာအား သောက်သုံးရေလှူဒါန်းခြင်း၊ သောက်သုံးရေရရှိရန် စက်ရေတွင်းတူးဖော်နိုင်ရေး ကျပ်သိန်း(၇၀)ထောက်ပံ့ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

မိုးစက်(ဘိုကလေး)