ဆိပ်ဖြူမြို့နယ်တွင် သင်္ကြန်ကာလအကြို ရေချမ်းအိုးများ ရောင်းအားကောင်း

ဆိပ်ဖြူ ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် နှစ်ဦးသင်္ကြန်ကာလအကြို၌ ရေချမ်းအိုးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်မှ ဒေသခံပြည်သူများသည် မြန်မာသက္ကရာဇ်၏ တစ်နှစ်တာကာလ ကူးပြောင်းသည့် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူပြောင်းသည့်ကာလ၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ဆင်နွှဲဆောင်ရွက်ကြသည့် ဓလေ့ကို ဆောင်ရွက်ကြသည်။ မြန်မာ့ရိုးရာသင်္ကြန်ကို ဆင်နွှဲကျင်းပရာ၌ နှစ်ဦးသင်္ကြန်ကို ကြိုဆိုခြင်းဖြင့် နေအိမ်တိုင်းတွင် အတာရေချမ်းအိုးများဖြင့် ကြိုဆိုခြင်း၊ သောက်ရေချမ်းအိုးများကို ဘုရား၊ ကျောင်း၊ ဇရပ်နှင့် ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းခြင်း၊ သင်္ကြန်အတက်နေ့၌ ကျရောက်သည့် မွေးနေ့ရှင်များက မြန်မာ့ရိုးရာရှေးထုံးတမ်းအစဉ်အလာဖြင့် ကံအညံ့များ မကျရောက်စေရန် နေ့နာမ်အလိုက် ဘုရားများသို့ အတာရေအိုး၊ အတာပန်းများ သွားရောက်လှူဒါန်းခြင်များ ဆောင်ရွက်ကြကြောင်း သိရသည်။

ဒေသခံပြည်သူများသည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ် ကူးပြောင်းမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလတွင် နေအိမ်တိုင်းတွင် အတာရေချမ်းအိုးများဖြင့် ကြိုဆိုခြင်း၊ သောက်ရေချမ်းအိုးများကို ဘုရား၊ ကျောင်း၊ ဇရပ်နှင့် ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းဆောင်ရွက်နိုင်ရန် ရေချမ်းအိုးများနှင့် အတာပန်းအိုများကို ဝယ်လျက်ရှိပြီး ရေချမ်းအိုးကြီး တစ်လုံးလျှင် အမျိုးအစားလိုက်၍ ၂၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိရှိကြောင်း၊ အတာပန်းအိုးတစ်လုံးလျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်အထိ ရောင်းချနေရကြောင်း၊ ရေချမ်းအိုးနှင့် အတာအိုးများကို ဒေသတွင်း အိုးလုပ်ငန်းဆောင်ရွက်သည့် ကျေးရွာမှ မှာယူရောင်းချရသကဲ့သို့ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ ရေချမ်းအိုးများလည်း မှာယူရောင်းချလျက်ရှိပြီး မတ္တရာမြို့နယ်မှ ထွက်ရှိသည့် ရေချမ်းအိုးများကို ဒေသခံပြည်သူများက အကြိုက်ပိုသည့်အတွက်  မတ္တရာရေချမ်းအိုးများက ပိုမိုအရောင်းသွက်ကြောင်း ရေချမ်းအိုးရောင်းချသူများထံမှ သိရှိရသည်။

ကိုဇွဲ(အညာမြေ)