မင်းလှမြို့နယ်တွင် နွေစပါးဧက ၁၀၉၆၄ စိုက်ပျိုးပြီးစီး

မင်းလှ ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့်မုက္ခာဆည်တို့မှ ရရှိသောစိုက်ပျိုးရေဖြင့် နွေစပါးစိုက်ပျိုးခြင်း လျာထားချက်ဧက ၁၀၉၆၄ ရှိရာ  လျာထားချက်ပြည့်မှီအောင်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

နွေစပါးစိုက်ပျိုးသော စပါးမျိုးများမှာ ရတနာတိုးစပါး၊ ရက်ကိုးဆယ်စပါး၊ ထိုင်းနှံကောက်၊ GW-11 စပါးတို့ဖြစ်ပြီး  မျိုးစေ့ချကရိယာဖြင့် (၅၃၂၃)ဧက၊ ပျိုးထောင်စိုက်ခင်း (၁၃၃)ဧက၊ ကြဲခင်း(၅၅၀၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နွေစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း (၁၀၀) ကျော်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ အဆိုပါနွေစပါးများကို စပါးမျိုးကွဲအလိုက်ဧပြီလကုန်ခန့်တွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (ပြန်/ ဆက်)