မော်လိုက်မြို့၌ မဟာသင်္ကြန်ကာလတွင် သင်္ကြန်တေးသီချင်းများဖြင့်  ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်နိုင်ရန် အတွက် သင်္ကြန်ယိမ်းအဖွဲ့များ အကတိုက်လေ့ကျင့်လျက်ရှိ

မော်လိုက် ဧပြီ

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်နိုင်ရန်အတွက် သင်္ကြန်ယိမ်းအဖွဲ့များ မတ်လ ဒုတိယအပတ်မှ စတင်၍ သတ်မှတ်နေရာ အသီးသီးတွင် အကတိုက်လေ့ကျင့်လျက်ရှိသည်။

မော်လိုက်မြို့၌ ၂၀၂၃ခုနှစ်၊ ဧပြီလတွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် မြို့မိ၊ မြို့ဖများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဌာနဆိုင်ရာယိမ်းအဖွဲ့များနှင့် မြို့ပေါ် ရပ်ကွက်များမှ ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေ ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး လက်ရှိတွင် ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့မှာ ခရိုင်အမျိုးသမီးရေးရာရုံးတွင် အကတိုက် လေ့ကျင့်လျက်ရှိကာ ကျန်ရှိသည့် သင်္ကြန်ယိမ်းအကအဖွဲ့များမှာလည်း စုရပ်နေရာအသီးသီး၌ အကတိုက် လေ့ကျင့်လျက်ရှိသည်။

မော်လိုက်မြို့၌ မဟာသင်္ကြန်ကာလအတွင်း ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေရေးများနှင့်  သင်္ကြန်အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား အဆိုပါမဏ္ဍပ်ရှေ့၌ ဌာနဆိုင်ရာများမှ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မော်လိုက်ခရိုင်(ပြန်/ဆက်)