နတ်မောက်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နတ်မောက် ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့သည်။     

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က ၂၀၂၃-ခုနှစ် မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသော ဦးစီးကော်မတီနှင့်  လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်သွားကြရန်၊  နှစ်ဆန်း(၁)ရက်နေ့တွင် နှစ်စဉ်ကျင်းပ လျက်ရှိသည့် နှစ်ဦးပရိတ်ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးပူဇော်ပွဲများ  ဆောင်ရွက်သွားကြရန်နှင့် နတ်မောက်မြို့ ယင်းချောင်းအတွင်း ရေကစားသူများ ဘေးအန္တရာယ် မဖြစ်ပွားစေရေး လုံခြုံရေးကြီးကြပ်အဖွဲ့များမှ တာဝန်ယူဆောင်ရွက်သွားကြရန်စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကလည်း မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှဝင်း