ဖျာပုံမြို့နယ်၊ အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ

ဖျာပုံ ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူငယ်၊ လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး၊ အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊​လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် ကျုံကူကျေးရွာအုပ်စု၊ အကြီးဝ​ကျေးရွာ ပညာဒီပဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။ ထို့နောက် "လူငယ်စကားဝိုင်း"ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ်၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုမြတ်သဲ၊ စက်ချုပ်သင်တန်းသူ မတင်ဇာလင်းက "လူငယ်နှင့်ကျန်းမာရေး" သင်တန်းသူ မနှင်းရွှေရည်က "လူငယ်နှင့်စာပေ" စသည့် ခေါင်းစဥ်တို့ကို ဆွေးနွေး​ကြရာ တက်ရောက်လာကြသော သင်တန်းသူများက သိရှိလိုသည်များအား မေးမြန်းမှုများကို ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ဖျာပုံခရိုင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ဆရာမ ဒေါ်ဝင်းနုနုက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အဆိုပါ စကားဝိုင်းသို့ သင်တန်းသူ (၅၀)ဦးခန့် တက်ရောက်ခဲ့​ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)