ချောင်းသာ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပုသိမ်-ချောင်းသာ ကားလမ်းမပေါ်တွင် ယမန်နေ့နံနက် ၈ နာရီ ၂၀ မိနစ် အချိန်ခန့်က ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာ၌ (၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ချောင်းသာမြို့တွင်းမှ ပုသိမ်သို့ ပြေးဆွဲသည် ဇွဲ(မှန်လုံအမြန်ယာဥ်) AYY-3I/ --- Mini Bus အဖြူရောင်ခရီးသည်တင်ယာဥ်သည် ပုသိမ်-ချောင်းသာကားလမ်းပေါ်ရှိ မိုင်တိုင် (၂၉/၇)နှင့် (၃၀/၀)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်ပါ အမျိုးသား(၁)ဦး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ အမျိုးသမီး(၂)ဦး၊ အမျိုးသား(၁)ဦးနှင့် သာမန်ဒဏ်ရာရရှိသူ အမျိုးသား/အမျိုးသမီး(၁၁)ဦးတို့ ရှိကြောင်းသိရသည်။
ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးသီဟအောင်၊ ချောင်းသာနယ်မြေစခန်းမှ တာဝန်ခံ ဒုရဲအုပ်အောင်အောင်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်အား အသေးစိတ်သိရှိနိုင်ရေးနှင့် အမှုဖွင့်အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိပြီး ပြင်းထန်ဒဏ်ရာရရှိသူ များအား ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပို့ခြင်းနှင့် သာမန်လူနာများအား ချောင်းသာတိုက်နယ်ဆေးရုံကြီးတို့သို့ အရေးပေါ်ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)