သာယာဝတီ ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ၏ လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်ဈေးကောင်းရရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ခြံမြေမှာ ခုနှစ်သီးနှံများအနေနဲ့ ငရုပ်သီး၊ ခရမ်းသီးမျိုးစုံ၊ ဆလပ်၊ ပြောင်းဖူးနဲ့ ကြက်သွန်နီစတဲ့သီးနှံပင်တွေစိုက်ပျိုးထားပါတယ် ဖူးစားပြောင်းကိုတော့ စီးပွားဖြစ်စိုက်တယ် နွေ၊ မိုး၊ ဆောင်းသုံးရာသီလုံးစိုက်တယ် ရေကတော့ တာတံမံတွေက လွှတ်ပေးတဲ့ ချောင်းရေပေါ့ ၊ ခုကပြောင်းဖူးစခုတ်ယူရောင်းချချိန် ကုန်လုနီးပါးလည်းဖြစ်ပြီး၊ပြောင်းရောင်းချချိန်ကုန်ပါက အခြားသီးနှံဆက်လက်စိုက်မျိုးပါမယ်၊ ခုချိန်ကတော့ ပြောင်းဖူးတစ်ဖူးကို ၃၅၀ ကျပ်နဲ့ အများဈေးနဲ့က တစ်ဖူးကို ၃၀၀ ကျပ်နဲ့ရောင်းပါတယ် ပြောင်းဖူးကစရိတ်သက်သာပြီး အကျိုးအမြတ်ရရှိတဲ့ သီးနှံဖြစ်ပြီး တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ်စိုက်ပျိုးနိုင်တဲ့သီးနှံဖြစ်ပါတယ် "ဟုဒေသခံတောင်သူ ကျောင်းစုကျေးရွာမှ သီးနှံစုံစိုက်ပျိုးသူ ဦးဖိုးဆိတ်ကပြောသည်။
သာယာဝတီမြို့နယ်တွင် ဆောင်းရာသီသီးနှံအဖြစ်ဖူးစားပြောင်းကို ၉၀ ဧကအထိစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော် (ပြန်/ဆက်)