မယ်စဲ့ ဧပြီ ၆
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြုဆရာမ ဒေါ်နန်းဝင်းကြည်နှင့် ကျန်းမာရေးဆရာမများ၊ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီးနောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း ၁၉၇ ဦးတို့ကို ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အပိုဆောင်းကာကွယ်ဆေးထိုးနှံနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုတွင် လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)