ပဲခူး ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးနှင့်အဖွဲ့သည် ပဲခူးမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီက ပဲခူးမြို့၊ သီရိဥသာစျေးရှိ ကုန်စိမ်းစျေး(တာပေါ်)နှင့် စည်ပင်သာယာဈေးတို့တွင် အစားအသောက်၊ အလှကုန်နှင့် လူသုံးကုန်ဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲပြား၊ အမဲသွေး၊ မုန့်ဖတ်၊ နန်းကြီးဖတ်တို့တွင် တားမြစ်တာရှည်ခံဆေးများပါဝင်ခြင်း ရှိ/မရှိကို ရွေ့လျားဓာတ်ခွဲယာဉ်တွင်ပါရှိသည့် တစ်ခါသုံး ဓာတ်ဆေးပစ္စည်းများဖြင့် ချက်ချင်းစစ်ဆေးရာ ကုန်စိမ်းစျေးတွင် ရောင်းချနေသည့် အမဲသွေးတွင် ဖော်မလင်ပါဝင်ကြောင်း တွေ့ရှိရသဖြင့် အမဲသွေးများကို သိမ်းဆည်း၍ ကော်မတီဝင်များရှေ့မှောက်တွင်ဖျက်ဆီးပြီး အမဲသွေးရောင်းချသူစျေးသည်အား နောက်နောင်ရောင်းချခြင်းမပြုရန် ခံဝန်ကတိရေးထိုးစေခဲ့သည်။ ထို့နောက် ပုဇွန်ချဥ်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာများအား ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးရန် ဝယ်ယူခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် အလှကုန်နှင့်လူသုံးကုန်အရောင်းဆိုင်များတွင် Online Media များမှ တရားမဝင်ကြော်ငြာသောပစ္စည်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့် ကြေညာထားသောပစ္စည်းများကို ရောင်းချခြင်းမပြုရန် ခံဝန်ကတိ ရေးထိုးစေခဲ့ပြီး စျေးဝယ်သူများနှင့် စျေးရောင်းသူများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အစားအသောက် ဘေးအန္တရာယ်ကင်းရေးအတွက် လိုက်နာရမည့်လအဓိကအချက်(၅)ချက်၊ အစားအသောက်ခွင့်မပြု ဆိုးဆေးအန္တရာယ်၊ တားမြစ်တာရှည်ခံဆေးများနှင့် အလှကုန်/လူသုံးကုန် ဘေးကင်းစေရေးစသည့်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များဝေငှ၍ လူထုအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ရာ လူအများစိတ်ဝင်တစား ပူးပေါင်းပါဝင်ခဲ့ကြသည်။
ယင်းနောက် ညောင်ဝိုင်းရပ်ကွက်၊ ကလျာဏီရပ်ကွက်နှင့် မဇင်းရပ်ကွက်အတွင်းရှိ ဆေးဆိုင်(၆)ဆိုင်တွင် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဥ်၊ ကောင်းမွန်သောဆေးဝါးသိုလှောင်မှု ကျင့်စဥ်တို့နှင့် ညီ/မညီ စစ်ဆေးခဲ့ရာ ဆေးဆိုင်တစ်ဆိုင်တွင် မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်မရှိသည့် ဆေးဝါးများတွေ့ရှိသဖြင့် သိမ်းဆည်းကာ နောက်နောင်ရောင်းချခြင်းမပြုရန် ခံဝန်ကတိရေးထိုးစေခဲ့ပြီး စီမံခန့်ခွဲမှုနည်းလမ်းဖြင့် အရေးယူရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)