မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ မီးဘေးလုံခြုံရေးအတွက် အပေါ့စားမီးသတ်စက် ထောက်ပံ့ပေးအပ်

မင်းဘူး ဧပြီ ၆

မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံ‌စေရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ် ထောက်ပံ့သည့် အပေါ့စားမီးသတ်စက်အား လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက  အဆိုပါ ကျေးရွာရှိ ရတနာပုံကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အပေါ့စား မီးငြှိမ်းသတ်စက် ထောက်ပံ့ပေးအပ်ရာတွင် မင်းဘူး(စကု) မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ပွင့်လင်းရာသီကာလဖြစ်၍ ကျေးရွာနေပြည်သူများအနေဖြင့် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြစေလိုကြောင်းနှင့် မီးလောင်မှု/မီးလန့်မှုများဖြစ်ပေါ်ပါက သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့၍ အကူအညီရယူကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းက ကျေးရွာနေပြည်သူများအတွက် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အပေါ့စားမီးသတ်စက် ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အသုံးပြုနည်းစနစ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာမီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် အပေါ့စားမီးသတ်စက်နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက လက်ခံရယူခဲ့ကြသည်။ ယင်းအပေါ့စား မီးသတ်စက်မှာ တန်ဖိုးငွေကျပ် ၂၅ သိန်းခန့် ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )