ယင်းမာပင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

ယင်းမာပင် ဧပြီ ၆

ယင်းမာပင်မြို့တွင် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်က ကလေးသူငယ်များအတွက် အခွင့်အရေးများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းပြီး ဖြစ်သည့်အတွက် ဥပဒေအရ ကလေးသူငယ်တိုင်း ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူညီမျှစွာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်ပိုင်ခွင့်များ အပြည့်အဝရရှိရေး၊ အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး ဝိုင်းဝန်းဆွေးနွေးပေး စေလိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြတ်သီတာမိုးက ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ရရှိခံစားစေရန်နှင့် အခွင့်အရေးများကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပါ အခွင့်အရေးများကို ကလေးသူငယ်တိုင်း အပြည့်အဝ ရရှိအောင် ဆောင်ရွက်ပေး နေမှုအခြေအနေများ၊  ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်မှု မရှိစေရေးမူ၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူ၊ ကလေးငယ်၏ ထင်မြင်ယူဆချက်ကို အလေးထားစေသောမူ စသည့် အခြေခံမူ (၄)ရပ်နှင့် ကလေးသူငယ်မှုခင်းများ မဖြစ်ပေါ်စေရေးတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

ဆက်လက်၍ ဒေါ်အေးမြတ်သီတာမိုးက တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်မှုခင်းများ မဖြစ်ပေါ်စေရေးနှင့် ကလေးသူငယ်ကိစ္စရပ်များ ဖြစ်ပေါ်လာလျှင်လည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များက ကလေးသူငယ်တိုင်း ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူညီမျှစွာ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်ပိုင်ခွင့်များ အပြည့်အဝရရှိရေး၊ အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်