ကျွန်းလှမြို့နယ်တွင် ယခုနှစ် မုန်လာထုပ် (ဂေါ်ဖီထုပ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများ အဆင်ပြေ

ကျွန်းလှ ဧပြီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် စိုက်ပျိုးသော မုန်လာထုပ် (ဂေါ်ဖီထုပ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 ကျွန်တော် ဟင်းသီးဟင်းရွက်သီးနှံများ ချောင်းရေတင်ပြီး ရာသီမရွေး စိုက်ပျိုးပါတယ်။ အခုအခါ ရုံးပတီ၊ ခရမ်း၊ ကန့်လန့်၊ ပန်းမုန်လာ၊ မုန်လာထုပ်၊ ငရုတ်၊ ပဲတောင့်ရှည်၊ ခဝဲ စတဲ့ သီးနှံများ စိုက်ပျိုးထားပါတယ်။ ဒီနှစ် မုန်လာထုပ် အပင် ၃၇၀၀ စိုက်ပျိုးခဲ့ရာ ငွေကျပ် လေးသိန်းခွဲခန့်ကုန်ကျပါတယ်။ အခုအခါ မုန်လာထုပ် တစ်ထုပ် ငွေကျပ် ၅၀၀နဲ့ ရောင်းရပြီး ကျန်သီးနှံများလည်း ရောင်ချနေရတဲ့အတွက် မိသားစု ဝင်ငွေရရှိနေပါတယ်ဟု မကျီးအင်း ကျေးရွာနေ တောင်သူ ဦးကျော်အေးက ပြောပြသည်။

ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာနှင့် ရှမ်းစုကျေးရွာတို့တွင် နွေ၊ မိုး၊ ဆောင်း ဟင်းသီး ဟင်းရွက်သီးနှံများကို ချောင်းရေတင် (ဒေသအခေါ်ရေပင်) စိုက်ပျိုးလျက်ရှိရာ ဒေသခံ ပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ