စစ်ကိုင်း ဧပြီ ၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယမန်နေ့က စစ်ကိုင်းမြို့နယ် ဝါးချက်ကျေးရွာနှင့် အနီးဝန်ကျင် ဒေသခံပြည်သူ၊ ရဟန်း ရှင်လူ (၅၀၄)ဦး တို့အား အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ဘောလုံးကွင်းတွင် အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ (၁၁၄)ဦး၊ ခွဲစိတ်ရောဂါ (၄၄)ဦး၊ ကလေးရောဂါ (၅၉)ဦး၊ သားဖွားမီးယပ်ရောဂါ (၂၈)ဦး၊ အရိုးရောဂါ (၄၀)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ (၁၀)ဦး၊ မျက်စိရောဂါ (၁၆၉)ဦးနှင့် သွားရောဂါ (၃၄)ဦး၊ အခြားရောဂါ (၆)ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး သာမန်ခွဲစိတ်လူနာ (၅)ဦး၊ မျက်စိခွဲစိတ်လူနာ (၁၂)ဦးတို့ကို ခွဲစိတ်ကုသ ပေးခြင်းများနှင့် ဓာတ်မှန်ရိုက်လူနာ (၃၅)ဦး၊ Ultrasound စမ်းသပ်လူနာ (၃၈)ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ (၄၂)ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ (၁၉၂)ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်ဖြင့် လည်းကောင်း၊ သွားဆေးကုသမှုလူနာများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ရောဂါရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံရန် လိုအပ်သူ (၇၁)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ (၃)ဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံ ပြည်သူများအား စားသောက်ရေး အဆင်ပြေစေရန် တာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူများက နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အဆိုပါ နယ်လှည့်အထူးကုအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး မျက်စိခွဲစိတ် ကုသထားသည့် လူနာများအား မျက်မှန်တပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်