မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓမ္မစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူ‌သော သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်းမြို့ ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဓမ္မစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအားဂုဏ်ပြုဆုချီးမြှင့် သည့်စူဠဘွဲ့နှင်းသဘင်အခမ်းအနားအား ယမန်နေ့ ညနေ (၃) နာရီ အချိန်က မြို့နယ်သံဃနာယကအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပေးခဲ့ကြပြီး ပုညဝဎ္ဇုနပရိယတ္တိစာ သင်တိုက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ မဟာသဒ္ဒမ္ဇဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဦးဇောတိကမှ သရဏဂုံသီလခံယူစေပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲဝင် (၂) ဦးတင်လှိုင်၊ အဖွဲ့ဝင်(၃)ဦးစောဝဏ္ဏနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များက ဓမ္မစရိယ၊ နိကာယ်၊ ပါဠိပထမပြန် ဖြေဆိုအောင်မြင်တော်မူသည့် သာသနာ့အာဇာနည်အရှင်သူမြတ်များဖြစ်သည့် ဓမ္မာစရိယ (၁)ပါး၊ နိကာယ် (၉) ပါး၊ ပထမကြီးတန်း (၁)ပါး၊ ပထမလတ်တန်း (၆)ပါး၊ ပထမငယ်တန်း (၁)ပါး၊ အခြေပြုမူလတန်းတွင် (၃၃) ပါး၊ စုစုပေါင်း (၅၁)ပါးအား အောင်လက်မှတ်နှင့် အောင်ဆုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း ချီးမြှင့် ပေးအပ်ခဲ့ကြပြီးနောက် ဆရာတော်ထံမှ အနုမောဒနာတရားတော်များနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိ ရသည်။

ရဲကိုမောင် (ပြန်/ဆက်)