ဘားအံ ဧပြီ ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော်ကို ယခင်နှစ်များနှင့်မတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
မြန်မာတို့၏ သင်္ကြန်ပွဲတော်သည် ပူပြင်းခြောက်သွေ့သော ရာသီကုန်ဆုံးပြီး နှစ်သစ်ကူးကာလကို မိုးရာသီနှင့်အတူ တစ်ဖန်ပြန်လည်ရှင်သန်စေမည့် ကာလဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံတွင် အတာသင်္ကြန်ပွဲတော်ကို မြန်မာလူမျိုးတို့က မြန်မာ့နှစ်သစ်အားဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခဲ့ကြသောပွဲတော်တစ်ခုလည်းဖြစ်ပါသည်။
နှစ်သစ်ကူးနေ့သည် သင်္ကြန်အပြီးတွင် ကျရောက်ပြီး နှစ်သစ်ကူးနေ့မတိုင်မီ လေးရက်အလိုတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမိဘပြည်သူများ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပြီး နှစ်ဟောင်းမှအညစ်အကြေးများကို နှစ်သစ်တွင်ပါရှိမလာအောင် တစ်ဦးကိုတစ်ဦးအတာရေဖြင့် ပက်ဖျန်းဆေးကြောသန့်စင်ကြခြင်းဟု မြန်မာ့ရိုးရာ ဓလေ့အရဆိုထားကြခြင်းဖြစ်ပါသည်။
ယခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပ ဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ တော်ကျင်းပရေး အထောက်အကူပြုကော်မတီဝင် ဦးမောင်မောင်က “ဒီနှစ် အတာသင်္ကြန်ပွဲတော်ကို ယခင်နှစ်နဲ့မတူအောင် ကျွန်တော်တို့စီစဉ်ဆောင်ရွက်ထားပါတယ်၊ ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဒီနှစ်မှာ ယခင်နှစ်များက ဆောင်ရွက်ခဲ့သော လုပ်ရိုးလုပ်စဉ်မျိုးထက် ပိုမိုကောင်းမွန်တဲ့ အမြင်သစ်များနဲ့ကျင်းပပြီး ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ ရေပက်ကစားနိုင်အောင် စီစဉ်ဆောင်ရွက်သွားဖို့ လမ်းညွှန်မှာကြားထားပါတယ်။ ဒါ့ကြောင့် ဒီနှစ်သင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဌာနဖျော်ဖြေရေး ရေကစားမဏ္ဍပ်များ၊ ရပ်ကွက်ရေကစား မဏ္ဍပ်များ၊ စတုဒိ သာမဏ္ဍပ်များ ဆောက်လုပ်ပြီး ဖျော်ဖြေရေးယိမ်းအက အလှများ၊ အနုပညာရှင် များ၊ တေးသံရှင်များဖြင့် စည်စည်ကားကားဖြစ်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု ပြောကြား သည်။
ထို့နောက် အတာသင်္ကြန်ပွဲတော်ကာလအတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် သင်္ကြန်ယိမ်းအဖွဲ့များ၊ တပင်တိုင်အကများဖြင့် ပါဝင်ကပြဖျော်ဖြေကြမည်ဖြစ်ပြီး အဆိုပါယိမ်းအဖွဲ့များ၊ တပင်တိုင်အကများကို ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု အစရှိသဖြင့် ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်သွားမည်ဟုလည်း သိရသည်။
၎င်းအပြင် လမ်းလျှောက် သင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ် ကမ်းနားလမ်းတစ်လျှောက်ရှိ ခေမာလမ်းထိပ်နေရာမှ အင်ကုန်းလမ်းထိပ်နေရာအထိ ပေ ၁၀၀၀ ကျော်သတ်မှတ်ပြီး မုခ်ဦးအလှအပ၊ ပုသိမ်ထီး အလှအပများ၊ ပိတောက်ပန်းအလှအပများဖြင့် တန်ဆာဆင်ပြီး သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်စည်ကားကားဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အတူ ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှများ၊ မိဘပြည်သူများအနေဖြင့် နှစ်သစ်ကိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန် အတာသင်္ကြန်ပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ၊ စတုဒိသာ မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲများ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ တပင်တိုင်အကများ၊ နာမည်ကျော် တေးသံရှင်များက ရေကစားမဏ္ဍပ်များတွင် သီဆိုဖျော်ဖြေသွား မည်ဖြစ်ပြီး ရိုးရာလက်ဝှေ့ အားကစားနည်းများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်