လက်ပံတန်း ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာမမေဇွန်အေး ရေးသားသည့် “နေခြည်နုနုပန်းကလေးများ” စာအုပ်အား ယနေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ်စာပေချစ်သူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာမြင့်သိန်း(ရွှေတောင်-ချည်/ ထည်/ ချော)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာအသုံးပြု၍ လူငယ်လူရွယ်များအနေဖြင့် အသိပညာဗဟုသုတ ပြန့်ပွားရေး၊ စာပေဖတ်ရှုမျှဝေ ဆွေးနွေးနိုင်ရေးအတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်းက “ဖိနပ်အလှူ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး အသင်းဝင်များဖြစ်သည့် ဦးစောမြင့်က “မြင့်မြတ်သောတန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ညိုညိုတင့်က “ဝဋ်ဆိုတာလည်တတ်တယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးပြည့်ဖြိုးအောင်က “ဂိမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား လူငယ်များက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စုဝေလွင် (ပြန်/ ဆက်)