လောင်းလုံး ဧပြီ ၅
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လောင်းလုံးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က ယခုနှစ် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများကို အသေးစိတ်တင်ပြပေးကြရန်၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်းအများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့ စိတ် လက်ပေါ့ပါးစွာဖြင့် ဖြတ်ကျော်ရန်အတွက် တက်ရောက်လာသူများအနေဖြင့် အများပြည်သူစိတ် အပန်းဖြေနိုင်စေရန်နှင့် စည်ကားသိုက် မြိုက်စွာဖြင့် အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက်စုပေါင်း ဆောင်ရွက်ပေးကြရန်နှင့်လုံခြုံရေးလစ်ဟင်းမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသောကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲနှင့်ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအကစိစစ်အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ သက်ကြီးဘိုးဘွား ပူဇော်ပွဲကျင်းပရေး၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပွဲကျင်းပရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
သိန်းသိန်း(လောင်းလုံး)