ဘားအံ ဧပြီ ၆
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ဘားအံ)၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းမှသင်ကြားပေးလိုက်သည့်သင်ခန်းစာများသည် လက်တွေ့နယ်ပယ်နှင့် အနီးစပ်ဆုံး ကိုက်ညီသည့်အခြေခံသဘောတရားများကို ကောက်နုတ်ထားသည့်အတွက် သင်တန်းသားများအနေဖြင့် ခဏတာလေ့လာ၍မရဘဲ တစ်ဘဝ စာသင်ယူလေ့လာသွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်သင်တန်းမှနည်းပညာများနှင့် မိမိတို့၏ စိတ်ကူး စိတ်သန်းအကြံဉာဏ်များဖြည့်စွက်၍ တီထွင်ကြံဆ လုပ်ကိုင်နိုင်ခြင်းဖြင့် သင်တန်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ မလွဲမသွေရရှိလာမည်ဖြစ်ပြီး ရပ်ရွာအကျိုး၊ ဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းတွင်သင်ကြားပို့ချချက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက သင်တန်းထူးချွန်ဆုရရှိသူများနှင့်သင်တန်းဆင်း အောင်လက် မှတ်များပေးအပ်ချီးမြှင့်ကာ သင်တန်းသားတစ်ဦးကကျေးဇူးတင် စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် သင်တန်းဆင်းသင်တန်းသားများ ကိုယ်တိုင်ဆောင်ရွက်ထားသော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းပုံစံငယ်များအား လှည့် လည်ကြည့်ရှုအားပေး ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် တောင်တန်းသာသနာပြု (ဗဟို) ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တဓမ္မပါလအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး အဆိုပါကျောင်းဓမ္မာရုံတွင် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရ သေးသူများနှင့် အိမ်ထောင်စုစာရင်းတွင် မွေးတိုးအမည်မပါဝင်သေးသောသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့နေ့ချင်းပြီး ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် အိမ်ထောင်စုလူဦးရေစာရင်း ၅ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၀ ခုတို့ကို ပြည်သူလက်ဝယ်အရောက် ပေးအပ်ခဲ့ ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအခမဲ့နေ့ချင်းပြီးဆောင် ရွက်ပေးနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအားလိုအပ်သည်များ လမ်းညွှန်မှာကြားကာ ကွင်းဆင်းဆောင်ရွက်ပေးသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများအား ငွေကျပ်သုံးသိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၂)စံပြဈေးရှေ့၌ ယာဉ်ရပ်နား ရန်နေရာ(ကားပါကင်) (၁၁၅ပေ x ၃၀ပေ x ၁၂ပေ) တည်ဆောက်မည့်မြေနေရာ၊ ဘားအံမြို့ အထက(၄)လမ်းဆုံမှ ဘားအံတက္ကသိုလ်ဓမ္မာရုံထိ (၈)ပေအကျယ်ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်းနှင့် (၃)ပေအကျယ် အနက် (၄)ပေ ရေမြောင်းနှင့်ပလက်ဖောင်းပြုလုပ်ခြင်း အရှည်(၇၀၀) ပေ ဆောင်ရွက်မည့်နေရာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူနှင့် အင်ဂျင်နီယာမှူးဦးစိုးလွင်တို့အား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)