အိမ်မဲ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူဆေးရုံ အစည်းအဝေးခန်းမတွင် ဧပြီလ (၇)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် မိခင်ကလေးကျန်းမာရေး၊ ကာကွယ်ဆေးထိုးခြင်းနှင့် အာဟာရလုပ်ငန်း ဆောင်ရွက်ချက်များ တိုးတက်ကောင်းမွန်ရေး စကားဝိုင်းကို ယမန်နေ့နံနက် (၉) နာရီ (၃၀)မိနစ်တွင် ကျင်းပသည်။
စကားဝိုင်းတွင် အိမ်မဲမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ “ပြည်သူ့ကျန်းမာရေးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူလူထု၊ သက်ဆိုင်ရာ အာဏာပိုင်များ၊ NGO များ သိရှိနားလည် စေရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မိခင်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ မိခင်သေဆုံးမှုနှင့် (၅)နှစ်အောက်ကလေးသေဆုံးမှုများ လျှော့ချရန်၊ ကာကွယ်၍ ရသောရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှု မရှိစေရန်အတွက် ကိုယ်ဝန်ဆောင်နှင့် (၅)နှစ်အောက်ကလေးများအား ကာကွယ်ဆေး အကြိမ်ပြည့်ရရှိရန်၊ အာဟာရ ပြည့်ဝသော အနာဂတ်ရင်သွေးငယ်များ ဖြစ်လာခြင်းဖြင့် အမျိုးသားရေးတာဝန်များကို တစ်တပ်တစ်အား ဆောင်ရွက်ရန်တို့ကို ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးကျော်အောင်က ဆွေးနွေးခဲ့ပြီး ထန်းတပင် ကျေးလက်ကျေးလက်ကျန်းမာရေးဌာနခွဲ သားဖွားဆရာမ ဒေါ်အိအိခိုင်က ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု လုပ်ငန်းများအကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများအကြောင်း၊ အာဟာရလုပ်ငန်းများအကြောင်း ခေါင်းစဥ်များဖြင့် လည်းကောင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မူယာစိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလဲ့ရည်ဝင်း၊ World Vision Myanmar Einme တာဝန်ခံဦးငြိမ်းချမ်းစိုး၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင့်ဝါဝင်းထွဋ် တို့ကမိမိတို့ဌာနမှ မိခင်နှင့်ကလေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးခြင်းနှင့် အာဟာရလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများတွင်လည်း ပါဝင်အားဖြည့် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို အသီးသီးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသောဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၊ ပရဟိတအသင်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)