ဂန့်ဂေါမြို့၌ ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးနှင့် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ဂန့်ဂေါ ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်း လုံခြုံမှုရှိစေရန်အတွက် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ၌ တားမြစ်ထားသော စားသောက်ကုန် ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ဂန့်ဂေါမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စားသုံးရန် မသင့်သည့် တားမြစ်ထားသော ဆေးဝါးများနှင့် သက်တမ်းလွန်သည့် စားသောက်ကုန် ပစ္စည်းများအား ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေးနှင့် သင်္ကြန်ကာလအတွင်း စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေးတို့အတွက် အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ကာ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကြောင့် ပြည်သူများအနေဖြင့် အစားအစာဘေးကင်း လုံခြုံမှုရှိစေပြီး ကျန်းမာရေး အာဟာရ ဖြစ်စေသော စားသောက်ကုန် ပစ္စည်းများကို ဝယ်ယူ စားသုံးသည့် အလေ့အကျင့်များရှိစေရန်နှင့် အစားအစာဘေးကင်း လုံခြုံရေးဆိုင်ရာများနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ ဈေးဆိုင်လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက်များကို သိရှိစေရန်နှင့် တားမြစ်ထား သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း မရှိစေရေးတို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အရှိန်အဟုန်မြှင့်ကွင်းဆင်း ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း