ရှမ်းရွာသစ် ဧပြီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မှီတင်းနေထိုင်ကြသော ဒေသနေပြည်သူများသည် အနီးပတ်ဝန်းကျင်ရှိတောတောင်များနှင့်အိမ်ခြံဝင်းများတွင် ပေါက်ရောက်သော ဆူးပုတ်ပင်များကို မိသားစုတစ်ဖက်တစ်လမ်းမှအပိုဝင်ငွေရရှိစေရန်အတွက် ရောင်းချလျက်ရှိကြောင်း သိရသည်။
ဆူးပုတ်ပင်များသည် ဧပြီလတွင် အညွန့်များလှိုင်လှိုင်ထွက်ရှိပြီး ယင်းအညွန့်များအား တောင်သူများက တောတောင်များသို့သွားရောက်ကာ ရှာဖွေခူးယူခြင်းနှင့် တောင်ယာခုတ်ပြန်ချိန်သော်လည်းကောင်း၊ မိမိတို့၏ အိမ်ခြံဝင်းများ၌သော်လည်းကောင်း ခူးယူရောင်းချကြောင်း၊ ဆူးပုတ်ရွက် တစ်စည်းလျှင်ငွေကျပ် (၅၀၀)ခန့်ရရှိပြီး တစ်ပတ်လျှင်တစ်ကြိမ်ခူးယူရောင်းချကြောင်း၊ အရင်းအနှီးစိုက်ထုတ်စရာမလိုဘဲ တောတောင်များက သဘာဝအလျှောက်ပေးစွမ်းသည့် ဆူးပုတ်ပင်များသည် ကျေးလက်နေတောင်သူမိသားစုများအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိသည့်အတွက် နှစ်စဉ်ခူးယူရောင်းချကြောင်း ဒေသနေပြည်သူ တစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီးဒေသနေပြည်သူများသည် တောတောင်များတွင် သဘာဝအလျှောက်ပေါက်ရောက်နေသော ဆူးပုတ်ပင်များခူးယူပြီး မိသားစုစားသုံးရန်အပြင်ပိုလျှံသောဆူးပုတ်ရွက်များကို အပိုဝင်ငွေရရှိရေးအတွက် ပြန်လည်ရောင်းချကြောင်း၊ ဆူးပုတ်ရွက်များကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်နိုင်သည့်အတွက် ဒေသနေပြည်သူများ ကြိုက်နှစ် သက်သောကြောင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် အရင်းအနှီးစိုက်ထုတ်မှုနည်းသော ဆူးပုတ်ပင်များကို အိမ်ခြံဝင်းများတွင် တစ်ပိုင်တစ်နိုင်ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)