လက်ပံတန်း ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို ပန်းခင်း(၂)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဂုံမင်းကွင်းကျေးရွာရှိ အသက် ၁၆နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင် က ပြည်သူများနှင့်တွေ့ဆုံ၍ ယနေ့နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအတိုင်း ပန်းခင်း(၂) စီမံချက်ဖြင့် ရပ်ကွက်ကျေးရွာအုပ်စုရှိ ပြည်သူများထံအရောက် အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း နိုင်ငံသားတိုင်းအတွက် မရှိမဖြစ်ကိုင်ဆောင်ရမည့် စိစစ်ရေးကတ်ပြားများ အိမ်ထောင်စုစာရင်း များသည် အလွန်အရေးကြီးပါကြောင်း ထို့ကြောင့် ပြည်သူများကလည်း အထူးဂရုပြု ထိန်းသိမ်း ကာကွယ်ကြစေလိုကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးက ပန်းခင်း(၂)စီမံချက်ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ ကတ်ပြားပျောက်ဆုံး/ပျက်စီးမှု မရှိစေရေး၊ စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကိုအသိပညာပေး၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)