ဖျာပုံမြို့၊ အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးပညာသင်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဖျာပုံ ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ​ကိုဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာအုပ်စု၊ အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးပညာသင်ကျောင်းဆရာတော်မှ ဦးဆောင်ဖွင့်လှစ်လျက်ရှိသော စက်ချုပ်သင်တန်းတွင် ယနေ့နေ့လယ်ပိုင်းအချိန်က အဆိုပါပညာဒီပဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က "လူငယ်နှင့်စာပေ" ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် ယနေ့လူငယ်များအသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန်၊ မှန်ကန်တဲ့အသိ၊ မှန်ကန်တဲ့အတွေးအခေါ် အယူအဆများ ရရှိစေရန်နှင့် ဆုံးဖြတ်ချက်များ မှန်ကန်လာစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ ယနေ့လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်" အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး၊ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်များကျန်းမာရေးနှင့် ပတ်သက်၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ရန်လိုကြောင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို စနစ်တကျပြုလုပ်မှသာ ကျန်းမာသန်စွမ်းနိုင်ကြောင်း၊ အစားအသောက်၊ အနေအထိုင်ဆင်ခြင်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ရန်လိုကြောင်းနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးပြောကြားသည်။

ထို့နောက်ဖျာပုံခရိုင် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ဆရာမဒေါ် ဝင်းနုနုက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)