ဒေးဒရဲမြို့နယ်(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် တန်ဖိုးရှိသောနေ့ စာအုပ်ပါ နေ့စဥ်တိုးတက်မှုရှိအောင်လုပ်ပါ ဆောင်းပါးနှင့် သူတစ်ပါးကိုအမြဲကူညီပါ ဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက အပြန်အလှန် ဆွေးနွေးဖတ်ကြားခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

အေဇာလင်း