မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ အထူးရဲတပ်ဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်းပေး

ဆိပ်ဖြူ အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် ၁၀၃ ဦးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ လမ်းညွှန် ချက်များနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အထူးရဲသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပေးကြောင်းသိရသည်။

၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် မဲရုံအသီးသီးတွင် အထူးရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာ တာဝန်များဆောင်ရွက်မည်ဖြစ်ပြီး  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေးကာလ ၊ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် အချိန်များတွင် မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်စေရန် ၊ လွတ်လပ် ၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အထူးရဲတပ်ဖွဲ့ဝင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊သက်ဆိုင်ရာဌာန များ၏ စည်းကမ်းလမ်းညွှန်ချက်များဖြင့်  အထူးရဲ(ဆင့်ပွား) သင်တန်းကို စာတွေ့လက်တွေ့ များဖြင့် သင်ကြားပေးနေကြောင်းသိရသည်။

အဆိုပါအထူးရဲ(ဆင့်ပွား)သင်တန်းကို မြို့နယ်အတွင်းနေရာ(၃)ခုတွင် ဖွင့်လှစ်ခဲ့ပြီး ဆိပ်ဖြူ မြို့မ ၊လက်ဆည် နှင့် ကဇွန်းမ ရဲစခန်း အပိုင်နယ်မြေများတွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ်မှ သင်တန်းမှူအဖြစ် ကြီးကြပ်၍ သက်ဆိုင်ရာ စခန်းမှူးများက သင်တန်း တာဝန်ခံများအဖြစ်တာဝန်ယူကာ စာတွေ့လက်တွေ့သင်တန်းများ သင်ကြားပေး လျှက်ရှိကြောင်း ၊သင်တန်းကာလမှာ အောက်တိုဘာလ ၁ ရက်နေ့မှ (၂၈)နေ့အထိ သင်ကြား ပေး သွားမည် ဖြစ်ကြောင်း၊ အထူးရဲသင်တန်းတက်ရောက်နေသူများအား ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် လိုက်နာရမည့်စည်းကမ်းများ ၊သင်တန်းစည်းကမ်းများ ဆောင်ရန် /ရှောင်ရန် အချက်များ သိရှိလိုက်နာရေး အသိပေးပြောကြားလျှက်ရှိပြီး ၊သင်တန်းသားများ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ စစ်ဆေးဆောင်ရွက် ပေးလျှက်ရှိကြောင်း ၊ အထူးရဲတပ်ဖွဲဝင်များကို အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ခန့်အပ် တာဝန်ပေးခဲ့ပြီး နိုဝင်ဘာလ (၁၅) ရက်နေ့အထိ စုစုပေါင်း (၄၆) ရက် တာဝန်ပေးသွား မည်ဖြစ်ကြောင်း ၊ အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင်  လစာငွေ တစ်လ (၁၄၄၀၀၀)ကျပ် ၊တစ်ရက် ရိက္ခာငွေ (၁၈၀၀)ကျပ် နှင့် သတ်မှတ်ယူနီဖောင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ထုတ်ပေး ထားရှိကြောင်း သိရှိရသည်။

စိုးလင်းနိုင်(IPRD)