ဒေးဒရဲ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးနှင့် မီးငြှိမ်းသတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စင်တင်တေးဂီတဆိုင်များနှင့် စားသောက်ဆိုင်များက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းတွင် မီးလောင်မှုများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများတွင် ပြည်သူများ ပူးပေါင်းဆောင်ရွက်သွားရန်၊ တက်ရောက်လာသူများက သင်တန်းမှ ပို့ချသင်ကြားပေးလျက်ရှိသော အချက်များကို မိမိပတ်ဝန်းကျင်ရှိ ပြည်သူများသို့ အသိပညာများ ဖြန့်ဝေပေးသွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက မီးလောင်မှု ဖြစ်ပွားနိုင်သည့် အခြေခံအကြောင်းရင်းများနှင့် မီးလောင်မှုဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မီးသတ်ဆေးဘူး လက်တွေ့ကိုင်တွယ် အသုံးပြုနည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ(၅)ရက်နေ့မှ (၆)ရက်နေ့အထိ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။
အေဇာလင်း