ဂန့်ဂေါ ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်၊ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန်တော်ကြီးတွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းသား/သူ (၁၆၀)ဦးအတွက် စားသောက်ရေးအဆင်ပြေစေရန် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အလှူရှင်များ လာရောက်လှူဒါန်းကြောင်း ကျွေးမွေးမှု ကြီးကြပ်ရေးကော်မတီအဖွဲ့ထံမှ သိရသည်။
လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ “အခုလို အလှူရှင်များလာရောက်လှူဒါန်းတော့ သင်တန်းသား/သူများ ကိုယ်စား ဝမ်းသာမိပါတယ်၊ ဒီကနေ့မှာတော့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ကြက်သားဆန်ပြုတ် လာရောက်လှူဒါန်းပါတယ်၊ ဒီနွေရာသီကျောင်းပိတ်တဲ့ကာလမှာ ကလေးတွေကို လိမ္မာယဉ်ကျေးအောင် ရည်ရွယ်ချက်နဲ့ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ရခြင်းဖြစ်ပါတယ်၊ ယခုဆိုရင် ကလေးမိဘတွေရော၊ ကျောင်းသားတွေရော ဒီသင်တန်းကို စိတ်ပါဝင်စားစွာဖြင့် မြို့ပေါ်ရပ်ကွက်(၄)ခုက (၁၆၀)ဦးခန့် တက်ရောက် သင်ကြားလျက်ရှိပါတယ်၊ သင်တန်းမှာ (၅)ပါးသီလ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်နှင့် မင်္ဂလာသုတ်မှာပါတဲ့ (၃၈)ဖြာမင်္ဂလာကို ကလေးတွေစိတ်ပါဝင်စားအောင် တေးကဗျာလိုနဲ့ စကားပြေလိုနဲ့ သိအောင် အမူအရာလေးတွေနဲ့ စီစဉ်ပြီးတော့ သင်ကြားနေပါတယ် ”ဟု ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း နည်းပြဆရာ ဦးအောင်စိုးမင်းက ပြောသည်။
အဆိုပါသင်တန်းကို ၂၀.၃.၂၀၂၃ ရက်နေ့မှ ၇.၄.၂၀၂၃ ရက်နေ့ထိ သင်တန်းဖွင့်လှစ်နေပြီဖြစ်ရာ နေ့စဉ်နေ့တိုင်း အလှူရှင်များက လာရောက်လှူဒါန်းကြရာ ကျွေးမွေးမှုကြီးကြပ်ရေးကော်မတီအဖွဲ့က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)