သရက်ချောင်း ဧပြီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကျောင်းတိုက်အတွင်း ဉာဏ်ပေ(၄၅)ပေရှိ ရွှေစည်းခုံစေတီတော်ဖွင့်ပွဲ၊ ဘိသေကမြေကဇာတင်အခမ်းအနားနှင့် ငွေဆွမ်းလောင်းပူဇော်ပွဲကို တန်ခူးလပြည့်နေ့ကျော်(၁)ရက်နေ့နံနက် ၈နာရီအချိန်က သရက် ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက် ဆင်ဖြူပြင်ကျောင်းတိုက်အတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်အတွင်းရှိ သက်တော်ရှည်ပဓါန နာယကဆရာတော်ကြီးများနှင့် သံဃာတော်ရှင်မြတ်ပါး (၃၀၀)၊ အများဒါယိကာ/ဒါယိကာများ၊ ဂေါပတအဖွဲ့ဝင်များ၊ ရပ်နီး/ရပ်ဝေးမှ ဧည့်သည်များက ငွေဆွမ်းလောင်းလှူရန်လာကြပြီး အလံ ကိုင်အဖွဲ့ များက ဆရာတော် သံဃာတော်ရှင်မြတ်များအား ရွှေစည်းခုံစေတီတော်ရင်ပြင်သို့ပင့်ဆောင်ခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်အတွင်းရှိ သက်တော်ရှည်ပဓါန နာယကဆရာတော်ကြီးများနှင့် သံဃာတော်ရှင်မြတ်များက "နမောတဿ"(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး သက်တော်ရှည်ပဓါနနာယကဆရာတော်ကြီးများက ဂါထာတော်များ ရွတ်ဆိုကာ ရွှေစည်းခုံ စေတီတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပဓါနနာယက ကျောက်မြောင်းကျောင်းတိုက်ဆရာတော်က မော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ကာအမွှေးနံသာရည်များဖက်ဖြန်းခြင်း၊ ထို့နောက် ဆရာတော်များက စေတီတော်အားမြေကဇာတင်ရာအောင်မြင်စွာပြီးမြောက်ခဲ့ပြီး ဆရာတော်များကစေတီတော်အတွင်းမှ ပြန်လည်ထွက်ခွာရာ ရပ်နီး/ရပ်ဝေးမှ ဧည့်သည်များက ငွေဆွမ်းလောင်းပူဇော်ခြင်း၊ အလှူဒါယိကာ/ဒါယိကာများက ဆရာတော်များအား ဆွမ်း၊ ဝတ္ထုငွေများဆက်ကပ်လှူဒါန်းကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)