စစ်ကိုင်းမြို့တွင် မင်းကွန်းဘိုးဘွားရိပ်သာနှင့် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

စစ်ကိုင်း ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယမန်နေ့က စစ်ကိုင်းမြို့နယ် မင်းကွန်းဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် အနီးကျေးရွာများရှိ ဒေသခံပြည်သူ (၃၅၁)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ (၁၁၆)ဦး၊ ခွဲစိတ်ရောဂါ (၄၀)ဦး၊ ကလေးရောဂါ (၉)ဦး၊ သားဖွားမီးယပ်ရောဂါ (၆)ဦး၊ အရိုးရောဂါ (၂၆)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ (၁၄)ဦး၊ မျက်စိရောဂါ (၁၁၁)ဦးနှင့် သွားရောဂါ (၆)ဦးတို့ကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့ပြင် မျက်စိခွဲစိတ်လူနာ (၄)ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းနှင့် ဓါတ်မှန်ရိုက်လူနာ (၂၂)ဦး၊ အန်ထရာဆောင်း စမ်းသပ်လူနာ (၂၅)ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ (၃၅)ဦး၊ ဓါတ်ခွဲ စမ်းသပ်လူနာ (၉၇)ဦးတို့ကို ရွေ့လျားဓါတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓါတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာတစ်ဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ ကုသနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များ စီမံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်