ကျွန်းလှ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုအတွက် အပိုဝင်ငွေရရှိကြ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ခရမ်းစိုက်ပျိုးရာတွင် မျိုးကို ကိုယ်တိုင်ပျိုးထောင်ပြီး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြောင်းဘောင်ပြုလုပ်ပြီး သဘာဝမြေဩဇာထည့်သွင်း၍ ခရမ်းအညိုနှင့် အဖြူမျိုးများ စိုက်ပျိုးကြကြောင်း၊ ထွက်ရှိလာသည့် ခရမ်းသီးများအား ဖောက်သည်ဈေးဖြင့် တစ်ပိဿာ ငွေကျပ် ၈၀၀ ရောင်းရကြောင်း၊ မိုးရာသီကာလ သီးနှံပေါ်ရန်အတွက် တိုးချဲ့စိုက်ပျိုးထားကြောင်း ရှမ်းစုကျေးရွာ ခရမ်းစိုက်တောင်သူ ဦးဝင်းနိုင်က ပြောကြားသည်။
ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံများအား နေအိမ်ဝင်းများအတွင်း မြေအောက်ရေတင် စိုက်ပျိုးကြကြောင်း၊ ချောင်းဘေးတစ်လျှောက်၌ ရေတင်စနစ်ဖြင့် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ