အိမ်မဲ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူခုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီတွင် ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ ယခုလိုတွေ့ဆုံပြီး စာဖတ်ဝိုင်းပြုလုပ်ခြင်းကြောင့် စာပေအသိအမြင်များ အပြန်အလှန် နှီးနှောဖလှယ်ပြီး အသိပညာ ဗဟုသုတများ တိုးပွားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စာဖတ်ဝိုင်းကျင်းပရာ အိမ်မဲမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်မိုး၊ Book Club အဖွဲ့ ဒုတိယဥက္ကဋ္ဌ ခင်ဘိုဘို နှင့် Book Club အဖွဲ့ဝင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများက စာရေးဆရာ မှိုင်း (ဆေး- ၂)၏ ကိုယ်တိုင်လျှောက်သောလမ်း စာအုပ်မှ ထက်သန်သောဆန္ဒသည်သာ၊ ကိုယ်တိုင်လျှောက်သောလမ်း၊ ရှင်သန်လာတဲ့ မျှော်လင့်ချက် ခေါင်းစဥ်များဖြင့် အသီးသီး အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များ၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ Book Club အဖွဲ့ဝင်များနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ)