ရေဖြူဒေသ၌ ဒုတိယရာသီအဖွင့် ရော်ဘာဈေးတစ်ပေါင်လျှင် ၁၄၀၀ကျပ်အထိဈေးရနေ

ရေဖြူ ဧပြီ ၄

ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်း ဒုတိယရာသီဖွင့်ချိန် ယနေ့ ဧပြီ ၄ ရက်နေ့တွင် ရော်ဘာအပြားဈေးမှာ တစ်ပေါင်လျှင် ၁၄၀၀ ကျပ်အထိဈေးရနေကြောင်း ရော်ဘာခြံ လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

ရော်ဘာဈေးနှုန်းမှာ ပထမရာသီအဖွင့် အောက်တိုဘာလက တစ်ပေါင်လျင် ၁၂၀၀ ကျပ်သာရရှိပြီး ရွက်ဟောင်းကြွေ၍နားချိန် ဇန်နဝါရီလလယ်လောက်တွင် တစ်ပေါင်လျင် ၁၃၀၀ ကျပ်အထိဈေးရရှိခဲ့ကြောင်း ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ရွက်ဟောင်းကြွေ၍ တစ်လတိတိ ရွက်အသစ်ပြန်ဝေချိန် ရပ်နားကြသော်လည်း အချို့မှာ ဈေးကောင်းရပြီး တွက်ခြေကိုက်သဖြင့် "ကျွန်မတို့တော့ ဒီနှစ်ပထမရာသီအကုန်ကို မနားတော့ဘူး၊ နှစ်ရက်ခြစ် တစ်ရက်နားပြီး ပုံမှန်အစေးခြစ်နေကြောင်း" ခြံရှင်တစ်ဦးကပြောသည်။

လွန်ခဲ့သော ၆ နှစ်တာအတွင်း အမြင့်ဆုံးဈေးကို ပြန်လည်ရရှိနေသဖြင့် ရော်ဘာလုပ်ငန်း တစ်နိုင်တပိုင်လုပ်ကိုင်နေသူများမှာ တွက်ခြေကိုက်ကြောင်းသိရသည်။

ခတ္တာ(ရေဖြူ)