လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  စာဖတ်ဝိုင်းပြုလုပ်

လိပ်သို  ဧပြီ   ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ ၁  နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club) အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသည့် “အတွေ့အကြုံနှင့် အတွေးအကြံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က  စာပေလေ့လာဖတ်ရှုခြင်းဖြင့် ဗဟုသုတကြွယ်၀နိုင် ကြောင်းနှင့် လူငယ်များ အနေဖြင့် စာဖတ်ခြင်းမှရရှိသည့်  အသိပညာဗဟုသုတများကို  သိရှိစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲ  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်၏ အမှာစာများကို ဦးစွာရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ အောင်သင်း ရေးသားသည့် အတွေ့အကြုံနှင့် အတွေးအကြံစာအုပ်အား (Book Club) အဖွဲ့ဝင် နန်းနီစိုးက “ အတွေးအမြင် သဘောထားကြီး ရင့်မှု  ” ခေါင်းစဉ်အောက်မှ သဘောထားကြီးရင့်မှုဆိုသည်မှာ စိတ်ထားမြင့်မြတ် ခွင့်လွှတ်တတ်သော ၊ မနာလို ဝန်တိုမှုကင်းသော၊ သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်အောင် စဉ်းစားတတ်သော သဘောဖြစ်ကြောင်း၊  လူတစ်ဦးချင်းဆက်ဆံကြရာတွင် သည်းခံခြင်း၊ သဘောထားကြီးခြင်း အထိုက် အလျောက်မရှိလျှင် ဆက်ဆံမှုပျက်ပြာသွားတတ်သည်မှာလည်း သဘာဝပင်ဖြစ်ပါကြောင်း စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့်အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ စာရေးဆရာအောင်သင်း၏ အတွေ့အကြုံနှင့် အတွေးအကြံစာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် အတွေ့အကြုံတွေ မည်မျှပင်ကြီးမားများပြားနေပါစေ ထိုအတွေ့အကြုံ၌ အတွေးအကြံမပြုလျှင် တစ်ပါးသူလူသားတို့အတွက် ဘာမျှအကျိုး ကျေးဇူးမများနိုင်ပါကြောင်း၊ အတွေ့အကြုံအတန်အသင့်နည်းပါစေဦးတော့ အတွေးအကြံဘက်၌ လေးနက်စူးရှလျှင်ထိုသူတို့၏ အတွေးအကြံသည် လူ့ လောကကို အကျိုးပြု တတ်မြဲဖြစ်သည်ကို အသိပညာဗဟုသုတအနေဖြင့် သိရှိခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

ခင်လေးနွယ် (လိပ်သို)