ငါးသိုင်းချောင်း ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)တို့ ပူးပေါင်း၍ ကြက်ခြေနီအမှုဆောင်များ၊ တပ်ဖွဲ့ဝင်များစုပေါင်းကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် မီးဘေးထောက်ပံ့ရေးပစ္စည်းများကို ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရေတံခွန်ဘုန်းတော်ကြီးကျောင်းတွင် မီးဘေးသင့် သီလရှင်ဆရာလေးများအား ယမန်နေ့ညနေ (၀၃:၀၀)နာရီအချိန်ကလာရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
အခမ်းအနား၌ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးလှရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)ဥက္ကဋ္ဌ ဦးမောင်မောင်အေးက မီးဘေးသင့် သီလရှင်ဆရာလေးများကို အားပေးစကား ပြောကြားခဲ့ပါသည်။
ထိုနောက် မီးဘေးအန္တရာယ်ကျရောက်ခဲ့သည့် သီလရှင်ကျောင်း(၃)ကျောင်း၌ နေထိုင်ကြသော သီလရှင်စုစုပေါင်း(၁၂)ပါးတို့ကို မီးဘေးထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် ခြုံစောင်များ၊ ခြင်ထောင်များ၊ Kitchen set (၄)ခုနှင့် တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ စသည်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)