ဘားအံ ဧပြီ ၄
ဇွန်လ ၂၆ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် ကွန်ပျူတာပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲများကို မူးယစ်ဆေးရန်ဒို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်၊ မူးယစ်ကင်းစင်ဒို့ပြည်တစ်ခွင် သာယာလှပလူမှုဘဝ၊ ငါတို့အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင် ကမ္ဘာဖန်တီးစို့၊ မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့၊ လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှတိုက်ဖျက်ကြ၊ လူသားချင်းစာနာကျန်းမာဖို့ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့ ဆောင်ပုဒ်များနှင့်အညီ ပြိုင်ပွဲအားကျင်းပခဲ့ပြီး ပြိုင်ပွဲကျင်းပနေမှုအား ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၆ ဦး၊ ကာတွန်းပြိုင်ပွဲတွင် ၈ ဦး၊ ပိုစတာပြိုင်ပွဲတွင် ၁၂ ဦး၊ ကွန်ပျူတာ ပိုစတာပြိုင်ပွဲတွင် ၂ ဦး စုစုပေါင်း ၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုများ ထိုက်ထိုက်တန်တန်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဘားအံတက္ကသိုလ်အဝေးသင်သင်တန်း၏ ပထမအကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်၊ ဒက္ခိဏခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဘွဲ့ယူမည့်သူများနှင့် မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့်တကွ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင် ပုဂ္ဂိုလ်များက သက်ဆိုင်ရာဝတ်ရုံများကို ဝတ်ဆင်လျက် စင်မြင့်ထက်တွင် နေရာယူကြပြီး လိုအပ်သည့်ကတိခံဝန်ချက်များရယူကာ ပါမောက္ခချုပ်က ဝိဇ္ဇာဘွဲ့ရသူ(၉၁၃)ဦး၊ သိပ္ပံဘွဲ့ရသူ(၂၃၇)ဦးနှင့် ဥပဒေဘွဲ့ရသူ(၂၀)ဦး စုစုပေါင်း ၁၁၇၀ ဦးအား ဘွဲအပ်နှင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)