ကမမောင်းမြို့၌ အရန်သားဖွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကမမောင်း ဧပြီ ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော အရန်သားဖွားသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက်(၁၀)နာရီချိန်က ကမမောင်း မြို့ကျေးလက်ကျန်းမာရေးဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းက အဖွင့်အမှာစကားပြောကြားပြီး ကမမောင်းမြို့ပြည်သူ့ဆေးရုံတိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့‌ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ မွေးဖွားခြင်းနှင့် မွေးဖွားပြီးစောင့်ရှောက်ခြင်း စသော မိခင်နှင့်ကလေးစောင့် ရှောက်မှုများကို ကျေးလက်ဒေသများအထိ လက်လှမ်းမီရရှိစေရန်၊ ကျေးလက် ဒေသများတွင် လိုအပ်နေသေးသော ကျန်းမာရေးဌာန များ လွှမ်းခြုံမှုနှင့် ရေမြေတောတောင် သဘာ၀အတားအဆီးများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမမီနိုင်သော ကိုယ်ဝန် ဆောင်မိခင်များအတွက် ဘေးအန္တရာယ် ကင်းသော မွေးဖွားခြင်း၊ မွေးဖွားပြီး စောင့်ရှောက်ခြင်းလုပ်ငန်းများအား ဖြည့်ဆည်း ဆောင် ရွက် ပေးသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ကမမောင်းမြို့ပြည်သူ့ဆေးရုံတိုက်နယ်ဆရာဝန်၏ ပြောကြားချက်အရ သိရသည်။

အခမ်းအနားသို့ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး၊ ကမမောင်းမြို့ ပြည်သူ့ဆေးရုံတိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေး ဌာနမှသူနာပြု ဆရာ/ဆရာမများ၊လူမှု‌ရေးအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသူများတက်ရောက်ခဲ့ပြီး သင်တန်းကာလ (၆)လတွင် စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)