အောင်လံ ဧပြီ ၄
မကွေးတိုင်းဒေကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က သင်္ကြန်မဏ္ဍပ် တည်ဆောက်မည့် အစီအစဉ်၊ သင်္ကြန်ဖွင့်ပွဲအခမ်းအနား ရပ်ကွက်ယိမ်းအကများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သင်္ကြန်မဏ္ဍပ်တွင် ရေရရှိရေးကိစ္စများကို ဆွေးနွေးပြောကြားပြီး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် ဖွဲ့စည်းပေးထားပြီးဖြစ်ရာ နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားနာယူရန်နှင့် ဘိုးဘွားရိပ်သာတွင် သွားရောက်ကန်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)