ရှမ်းရွာသစ် ဧပြီ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အနီးရှိ တောတောင်များတွင် သဘာဝအလျှောက် ပေါက်ရောက်သော ရာသီစာပဒက်စာများ ပေါ်ဦးပေါ်ဖျားပေါ်ချိန်ဖြစ်၍ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပဒက်စာပင်များသည် တောတောင်များ၌ သဘာဝအလျှောက်ပေါက်ရောက်ပြီး ဧပြီလတွင် တောင်ယာများမီးရှို့ပြီး မိုးများအနည်းငယ်ရွာသွန်းမှသာ လှိုင်လှိုင်ထွက်ရှိကြောင်း၊ ပဒက်စာပွင့်များကို လူအများနှစ်ချိုက်စွာ စားသုံးသောကြောင့် ယခုလိုအချိန်ရောက်လျှင် ဒေသနေပြည်သူအများစုသည် မိမိတို့ ကျေးရွာအနီးရှိ တောတောင်များတွင် လိုက်လံခူးဆွတ်ရောင်းချကြောင်း၊ ယခင်နှစ်တွင် ပဒက်စာ(၂၀) ပွင့်လျှင် ငွေကျပ် (၅၀၀)ကျပ်သာရရှိပြီး ယခုနှစ်တွင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချ၍ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရ သည်။
ရှမ်းရွာသစ်မြို့တွင် ပေါ်ဦးပေါ်ဖျားပဒက်စာပင်များသည် ဒေသနေပြည်သူအများနှစ်ချိုက်စွာ စားသုံး ကြကြောင်း၊ ထမင်းလည်းမြိန်ကာ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ ဆေးဖက်လည်းဝင်ပြီး လူကြိုက်များသည့် မီးဖိုချောင်သုံးသီးနှံဖြစ်ကာ ဈေးကောင်းလည်းရရှိသဖြင့် ခူးဆွတ်ရောင်းချသူများ ယခင်နှစ်ထက်ပိုများလာကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)