တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်

တမူး ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈) နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်တစ်နှစ်အောက် ကလေးငယ်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ အသည်းရောင် အသားဝါ(ဘီ)၊ မေးခိုင်အသဲရောင်အသားဝါရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကလေးငယ်များ၏ မိဘများကိုလည်း ကိုဗစ်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဧပြီ လ (၁) ရက်နေ့မှ (၃) ရက်နေ့ထိ ကိုယ်ဝန်ဆောင်မိခင် (၁၂၀) ဦး၊ တစ်နှစ်အောက်ကလေးငယ် (၇၃၀) ဦးတို့အား ထိုးနှံတိုက်ကျွေးပြီးဖြစ်ကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ထံမှသိရှိရသည်။

ဦးကျော်သူရ

တမူးခရိုင် (ပြန်/ဆက်)