ပေါက်ခေါင်းမြို့နယ်၌ (၃၇)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ပေါက်ခေါင်း      ဧပြီ       ၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ (၃၇)ကြိမ်မြောက် စူဠဘွဲ့နှင်းသတင်အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ပေါက်ခေါင်းမြို့လေးမျက်နှာ‌စေတီတော်မဟာသန္တိသုခသာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပေါက်ခေါင်းမြို့ ပညာဇောတာရုံစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော်ဦးမဟိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်က ဆရာတော်၊ သံဃာတော်များထံ သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြသည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာအရှင်သူမြတ်အခြေပြုမူလတန်း(၄)ပါးနှင့် ပထမငယ်တန်း(၁)ပါး စုစုပေါင်း(၅)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များကနိုင်ငံတော်မှချီးမြှင့်သည့်စူဠဘွဲ့အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုငွေများကိုဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည့်ရက်များတွင် နေ့စဉ်အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်အအေးအလှူရှင်များကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး "ဗုဒ္ဓသာသနံ စိရံတိဠတု" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)