ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း ပုံမှန်ဆောင်ရွက်ပေး

မြင်းမူ ဧပြီ ၄

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ရာ သာဿနာ့နွယ်ဝင် ရဟန်းရှင်ပြည်သူများနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို အများပြည်သူ ရုံးပိတ်ရက်မှအပ နေ့စဉ်နံနက် (၉)နာရီမှ နေ့လည်(၁၁)နာရီအထိ မြို့နယ် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားရုံတွင် ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူပေါင်း (၉၇၅၀၆)ဦး ရှိကြောင်း၊ ဧပြီလ(၃)ရက်နေ့ထိ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးစီးသူပေါင်း(၆၆၉၇၈)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၅၄၃၉၀)ဦး ရှိပြီဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်‌‌ရေးနှင့်အရေးပေါ်တုန့်ပြန်‌ရေးကော်မတီ တာဝန်ရှိသူထံမှသိရှိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)