ကျောင်းကုန်း အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီဝင်များတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအုန်းကြိုင်က မဲဆွယ်စည်းရုံးရေးကာလအတွင်း ကြုံတွေ့လာရသော အငြင်းပွားမှုများကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများပါ ပြဌာန်းချက်များ၊ နိုင်ငံရေးပါတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ ပြုလုပ်နိုင်စေရန် ကြိုတင် ဆွေးနွေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်၊ မြို့နယ် ဥပဒေအရာရှိ ဒေါ်ဇာနည်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်စုမြတ်ထိုက်နှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များက မဲဆွယ်စည်းရုံးရေး လှည့်လည်ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီဝင်များက သိရှိလိုသည်များ မေးမြန်းကြရာ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲသို့ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ၊ ရွေးကောက်ပွဲ ဝင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကရင်အမျိုးသားပါတီ၊ ဒီမိုကရက်တစ် (မြန်မာ)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင် သူလယ်သမား အလုပ်သမားပြည်သူ့ပါတီနှင့် အမျိုးသမီးပါတီ(မွန်) စသည့် ပါတီ(၈)ခုမှ ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)