သာယာဝတီ ဧပြီ ၄
ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိနေပြီးဖြစ်၍ သာယာဝတီမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့မွန်းလွဲပိုင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်မော်တော်ယာဥ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထိုကဲ့သို့မီးဘေးလုံခြုံရေးနှိုးဆော်အသိပေးရာတွင် ပြည်သူများအနေဖြင့် မိမိတို့နေအိမ် ပတ်ဝန်းကျင်ရှိ အမှိုက်များအား မီးရှို့ရှင်းလင်းမည်ဆိုပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ကြိုတင် အသိပေးထားကြရန်နှင့် စနစ်တကျဆောင်ရွက်ရန်၊ လူနေအိမ်အနီးပတ်ဝန်းကျင်၌ မီးလောင် လွယ်သည့် ဆီပီပါ၊ ရော်ဘာပြားများ သိုလှောင်ထားရှိခြင်းမပြုရန် မီးလောင်ခြင်းကိုအားပေးသည့် ပစ္စည်းများလည်းမထားရှိကြရန်၊ ထမင်းဟင်းများချက်ပြီးပါက မီးကိုစနစ်တကျ ငြှိမ်းသတ် ထားကြရန်၊ မီးလန့်မှုမဖြစ်ပေါ်စေရေးတို့အတွက် မိမိတို့နေအိမ်ရှိ အမှိုက်သရိုက်များအား မီးရှို့ခြင်းမပြုလုပ်ကြရန်၊ အိမ်တိုင်းအိမ်တိုင်းတွင် မီးချိတ်၊ မီးကတ်များ၊ ရေကန်များ၌ ရေအပြည့် ဖြည့်ထားရန်၊ မီးသတ်ဆေးဘူးများအား အသင့်ထားရှိကြရန်စသည့် မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်တို့ကို လှည့်လည်၍ ပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)